တစ်ခုခု အာရုံစိုက်မယ်မကြံနဲ့… ဇက်ကြောက အရင်တက်မယ်ဆိုတဲ့ ယောင်းလေးတို့ ဖတ်ဖို့..
တစ်နေ့တာလုပ်ငန်းဆောင်တာတွေပြီးလို့ ညနေစောင်းမှာ ဇက်ကြောတက်ခြင်းကို နေ့တိုင်းနီးပါးခံစားနေရတဲ့ယောင်းတို့များ ရှိနေမလားဟင်… ကဲ အက်ဒမင်ထင်တယ် ကွန်ပျူတာရှေ့မှာ ထိုင်ပြီးအလုပ်လုပ် နေရတဲ့ယောင်းတို့က ပိုများနေမှာ အသေချာပါပဲ။ ယောင်းတို့ သိကြတဲ့အတိုင်း အခုခေတ်က ကွန်ပျူတာခေတ်၊ ဖုန်းခေတ်၊ I Pad ခေတ်ကိုး။ ဒီဆောင်းပါးမရေးခင်အထိ အက်ဒမင်သည်လည်း နေရာတကာ ဖုန်းသုံးပြီး ဇက်ကြောတက်နေသူကြီး တစ်ယောက်ပါ။
ဇက်ကြောတက်တယ်ဆိုတာ လည်ပင်းတစ်ဝိုက်က ကြွက်သားတွေ တောင့်တင်းလာတာကြောင့်ဖြစ်ရတာမို့
_ဖုန်းကို ခေါင်းငုံ့ပြီးသုံးတဲ့အခါ
_ခေါင်းလှုပ်ရှားမှုအရမ်းများရတာ
_ကျီးပေါင်းတက်တဲ့အခါ
_လည်ပင်း ဒဏ်ရာရတဲ့အခါတွေမှာ အဖြစ်များပါတယ်။
သက်သာစေဖို့နည်းလမ်းကိုပြောပါဆိုရင်
၁) ထိုင်ခုံအနေအထားကို ပြောင်းကြည့်ဖို့ အကြံပေးပါရစေ ယောင်းတို့ရေ။
ထိုင်ခုံအနေအထားဟာ ခန္ဓာကိုယ် သက်တောင့်သက်သာဖြစ်စေမယ့်ပုံစံ ခြေထောက်ဟာ ကြမ်းပြင်နဲ့ ထိနေသင့်ပြီး တင်ပါးထက်စာရင် ဒူးခေါင်းက နိမ့်နေဖို့လိုပါတယ်။ ကွန်ပျူတာ မျက်နှာပြင်ဟာ မျက်စိနဲ့ တစ်တန်းတည်းဖြစ်နေရဲ့လား ပြန်ဆန်းစစ်ပါ။ တစ်နေကုန် သုံးနေရတဲ့ကွန်ပျူတာမျက်နှာပြင်ဟာ မျက်စိနဲ့ တစ်တန်းတည်း ဖြစ်စေဖို့ နေရာအနေအထားကို ပြင်လိုက်ပါ။ ဒီလိုဆို တစ်နေကုန် လည်ပင်းမညောင်းဘဲ သက်သက်သာသာကြည့်နေနိုင်မှာပါ။
၂) တစ်နာရီပြည့်တိုင်း ခန္ဓာကိုယ်အကြောဆန့်ဖို့ သတိမမေ့ပါနဲ့နော်။
ပုံစံအနေအထားတစ်ခုထဲမှာအကြာကြီးရှိနေခြင်းဟာကြွက်သားတွေတောင့်တင်းပြီး နာတာ၊ ညောင်းတာတွေဖြစ်စေတာမို့ ယောင်းတို့ရေ နာရီလေးနဲ့ Alarm လုပ်ထား တစ်နာရီတစ်ခါ တစ်ကိုယ်လုံးအကြောဆန့်ပေးလိုက်ပါလို့။
၃) အထာကျကျ ဖုန်းသုံးပါ။
ဖုန်းသုံးတာ အထာကျမှ လည်ပင်းဇက်ကြောမတက်မှာပေါ့နော်။ ဘယ်လိုအထာကျရမလဲဆိုရင်
_ ဖုန်းကိုမျက်စိနဲ့တစ်တန်းတည်း ထားကြည့်ပါ။
_ တစ်နာရီတစ်ခါ ဖုန်းသုံးတာကို ရပ်ပြီး အခြားတစ်ခုပြောင်းလုပ်ပါ။
_ ဖုန်းသုံးပြီးတာနဲ့ ကြွက်သားတွေကို ဖြေလျှော့ပေးလိုက်ပါနော်။
၄) အိပ်တဲ့ပုံစံမှန်မမှန် သတိထားကြည့်ပါဦး။
မှောက်ရက်အိပ်တဲ့ သူတွေက ဘေးစောင်းအိပ်တဲ့လူတွေ၊ ပက်လက်လန်အိပ်တဲ့သူတွေထက် ပိုပြီး ဇက်ကြောတက်တတ်ပါတယ်တဲ့။
ဘယ်လိုပဲ ဇက်ကြောတက်တက်ပေါ့လေ… အပေါ်က အချက်တွေကို သတိထားပြုပြင်ပြီးပြီဆိုရင် နောက်ထပ် ဇက်ကြောတက်ခြင်းကို သက်သာစေမယ့် အခြားနည်းလမ်းတွေ ရှိပါသေးတယ်.. ဒါတွေကတော့…
၅) ရေနွေးနဲ့ရေချိုးလိုက်ပါ။
အလုပ်ကပြန်အလာ ရေနွေးလေးနဲ့ရေချိုး အကြောလည်းပြေ လူလည်း လန်းဆန်းတာပေါ့နော်။
၆) ရေခဲကပ်ပါ။
ရေခဲအိတ်လေးနဲ့ မိနစ်၂၀လောက်ကပ်ပေးမယ်ဆိုရင်လည်း ဇက်ကြောတက်သက်သာစေမှာပါဘဲ။
၇) အနှိပ်ခံပါ။
ယောင်းတို့တော့မသိဘူး အက်ဒမင်တော့ ဒီအချက်အကြိုက်ဆုံးပဲ။ သေချာလေ့ကျင့်ထားတဲ့သူနဲ့ အနှိပ်ခံမယ်ဆိုရင် ဇက်ကြောတက်တာ တကယ်ကိုသက်သာစေပါတယ်တဲ့။ ဇိမ်ပဲလေနော့။
၈) စိတ်ဖိစီးမှုတွေကိုလျှော့ချလိုက်ပါ။
စိတ်ဖိစီးမှုတွေက ကြွက်သားတောင့်တင်းစေပါတယ်။ သီချင်းလေးနားထောင်၊ တရားလေးထိုင်၊ ကိုယ်စိတ်ဝင်စားတာလေးလုပ်ဆိုတော့ စိတ်ဖိစီးမှုတွေရော၊ ဇက်ကြောတက်တာရော ” Go Away”ပေါ့။
၉) လေ့ကျင့်ခန်း ပုံမှန်လုပ်ပါ။
ခုခေတ်က လေ့ကျင့်ခန်းတွေလည်း အရမ်းခေတ်စားလာတဲ့ ခေတ်ပဲမို့ လေ့ကျင့်ခန်းပုံမှန်လုပ်မယ်ဆိုရင် ကိုယ့်ရဲ့ အနေအထားမမှန်တဲ့ ကိုယ်နေဟန်ထားတွေကိုပါ ပြုပြင်နိုင်တာကြောင့် ဇက်ကြောတက်သက်သာသလို ကိုယ်လုံးလည်း လှလာမှာမို့ ” တစ်ချက်ခုတ် နှစ်ချက်ပြတ်ပဲလေ”
ယောင်းတို့ရေ ကြည့်နေကြာတယ်။ အခုပဲ နည်းလမ်းလေးတွေလိုက်လုပ်ကြည့်လိုက်ဦးနော်…