အဖြူဆိုတာ ဘာနဲ့တွဲဝတ်ဝတ်အဆင်ပြေပေမဲ့ ဒီလိုလေးတွေ ထွင်ဝတ်တော့ ပိုဖက်ရှင်ကျတာပေါ့
စနီကာတွေကို အရင်တုန်းကတော့ မိန်းကလေးဖက်ရှင်လို့ မသတ်မှတ်ခဲ့ပေမဲ့ နောက်ပိုင်း အားကစားဖက်ရှင်ဆိုတဲ့ trend တစ်ခုဖြစ်လာတဲ့အခါ အဲဒီဖိနပ်တွေက ဗီရိုထဲမှာ မရှိမဖြစ် ပစ္စည်းတစ်ခုဖြစ်လာပါတယ်။ အဲဒီ့အထဲမှာမှ အဖြူရောင်နဲ့ အမည်းရောင်ကတော့ ဘယ်အရောင်နဲ့ပဲ တွဲတွဲ လိုက်ဖက်တာမို့ အနည်းဆုံးတော့ တစ်ရံလောက် ဝယ်ထားကြတာ များပါတယ်နော်။ အဲဒီအထဲမှာမှ အဖြူရောင်စနီကာလေးကို ပုံစံတစ်မျိုးတည်း မဟုတ်ဘဲ တခြားရှိုးထုတ်လို့ရမယ့် ဖက်ရှင်ပုံစံ (၅) မျိုးကို စုဆောင်းတင်ဆက်လိုက်ပါတယ်ယောင်းတို့ရေ။ အတူတူဆက်ကြည့်ရအောင်နော်။
ဂျင်းဘောင်းဘီအပြဲ (Boyfriend Jeans)
မိန်းမဆန်ဆန် နူးနူးညံ့ညံ့ မဟုတ်ဘဲ ခပ်ကြမ်းကြမ်း မိန်းမပျိုအသွင်လိုချင်တဲ့ ယောင်းတို့အတွက်ကတော့ ဒီအဖြူရောင်ဖိနပ်ကို ဂျင်းအပြဲနဲ့ တွဲဝတ်ချလိုက်တာက အသင့်တော်ဆုံး လိုက်ဖက်မှုဖြစ်နေမှာပါ။ ဟိုနားဒီနား ခဏလောက် အပြင်ထွက်ရင်ဖြစ်ဖြစ်၊ သူငယ်ချင်းနဲ့ မုန့်သွားစားတာဖြစ်ဖြစ် ပေါ့ပေါ့ပါးပါး သွားလာတာမျိုးဆိုရင် သက်တောင့်သက်သာနဲ့ ယုံကြည်မှုလည်း အပြည့်ရှိနေစေမယ့် တွဲဖက်မှုမျိုးပေါ့။
တစ်ကိုယ်လုံးအမည်းဖက်ရှင် (All Black Outfit)
အနက်ရောင်ဆိုတာ ရိုးရိုးရှင်းရှင်းနဲ့ ဆက်ဆီအရမ်းကျတဲ့ အရောင်လို့ ဖက်ရှင်လောကမှာ သတ်မှတ်ထားပါတယ်။ ဒါပေမဲ့ ဂါဝန်အနက် ခပ်တိုတိုလေး၊ အပေါ်အောက် အနက်ဝမ်းဆက် ဝတ်တဲ့နေ့မျိုးမှာဆိုရင်တော့ တစ်ကိုယ်လုံး အနက်တွေထက်စာရင် အောက်မှာ စနီကာအဖြူလေးတွဲစီးလိုက်တာက ၂ဆလောက်ပိုပြီး ဆွဲဆောင်မှု ရှိနေစေမှာ ကျိန်းသေပါပဲ။
တစ်ကိုယ်လုံးအဖြူဖက်ရှင် (All White Outfit)
ဂါဝန်ပဲဖြစ်ဖြစ်၊ ဘောင်းဘီပဲဖြစ်ဖြစ် ဘာဝတ်ဝတ် အပေါ်အောက်ဝမ်းဆက် အဖြူဖြစ်နေပြီဆိုရင်တော့ ဘာဘာညာညာအရောင်တွဲတွေကို ရှည်ရှည်ဝေးဝေးမစဉ်းစားဘဲ စနီကာအဖြူလေးနဲ့သာ တွဲလိုက်ပါ။ ထင်းလင်းပြီး လှနေပါလိမ့်မယ်။
ရုံးဝတ်စုံ (Office Wear)
ရုံးတော်တော်များများက နောက်ပိုင်းအရမ်း ရုံးဖက်ရှင်ရိုးရိုးကြီး မဟုတ်တော့ဘဲ ပေါ့ပေါ့ပါးပါးဘက်ကို ပိုဦးစားပေးလာကြပါပြီ။ အဲ့တော့ ရုံးဝတ်စုံကို တွဲနေကျ ဒေါက်မြင့်ဖိနပ်နဲ့ မဟုတ်ဘဲ စနီကာအဖြူလေးနဲ့ တွဲဝတ်ကြည့်လိုက်ပါ။ အဲဒီ ဖက်ရှင်ပုံစံက အမြင်အရမ်းဆန်းပါတယ်။
ဂျင်းဝမ်းဆက်ဖက်ရှင် (All Denim Attire)
ခေတ်တွေ၊ ဖက်ရှင်ရေစီးကြောင်းတွေ ဘယ်လောက်ပဲပြောင်းပြောင်း ဂျင်းဖက်ရှင်က ဘယ်တော့မှ ရိုးသွားမှာ မဟုတ်ဘူးလေ.. ဆယ်လီတွေတောင်မှ ဒီနေ့ဒီချိန်အထိ ဖက်ရှင်မှတ်တိုင်တစ်ခုအနေနဲ့ စိုက်ထူနေကြတုန်းပဲ မဟုတ်လား။ လျှို့ဝှက်ချက်တစ်ခုက အဲဒီဂျင်းဝမ်းဆက်ကို ရှူးဖိနပ်အဖြူနဲ့တွဲစပ်ပြီး ဝတ်လိုက်တဲ့အခါ အိုအမေးဇင်းတွေ ဖြစ်လာတာပေါ့။
ဖက်ရှင်ဆိုတာ ခေတ်စားနေတဲ့ဟာကို လိုက်ဝတ်မှ မဟုတ်ပါဘူး။ ရိုးရိုးရှင်းရှင်းနဲ့ ကိုယ်ကလူကြားထဲမှာ ထင်းကနဲ ပေါ်နေရင်လည်း ကိုယ်က ဖက်ရှင်ကျတာပါပဲ။ နောက်ပြီး နှင်းပြောတဲ့အတိုင်း တစ်သွေမသိမ်းလည်း လိုက်ဝတ်စရာမလိုဘူးနော်။ သူနဲ့ဆင်တူတဲ့ ပုံစံမျိုးတွေကို ကိုယ့်ဘာသာထွင်ပြီး ဝတ်လို့ရပါတယ်လို့။ နောက်ပြောနေကျ စကားလေး ထပ်ပြောလိုက်ဦးမယ်နော်.. ဘယ်လို ဖက်ရှင်ဖြစ်ဖြစ် ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုက အလှဆုံး၊ အရေးအကြီးဆုံး ဖက်ရှင်ပါပဲလို့…
ယောင်းယောင်းတွေကို ပိုပိုပြီး လှစေချင်တဲ့…